Blogger Widgets

Saturday, July 20, 2013

Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်

Telenor မှ ဆင်းမ်ကတ်များတွင် အင်တာနက် ၀န်ဆောင်မှုပါ တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး ၎င်းတို့ကုမ္ပဏီ အနေနှင့် လိုင်စင်လက်ဝယ် ရရှိအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း Telenor Myanmar ၏ CEO အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ပတ်တာဖားဘတ်က ဇူလိုင် ၁၇ တွင် ပြောကြားလိုက်သည်။

"အခုက တာဝါတိုင်တွေဆောက်ဖို့ ပူးတွဲလုပ်ကိုင်မယ့် သူတွေနဲ့ ဆွေးနွေးညှိနှိုင်း နေပါတယ်။ တစ်နိုင်ငံလုံးမှာ 2G ရော 3G ပါ သုံးစွဲနိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်ကိုလည်း ၁၅၀၀ ထက်နည်းတဲ့ ငွေကြေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။

တယ်လီနော် မြန်မာကုမ္ပဏီကို တယ်လီနော်မှ ရာနှုန်းပြည့် ပိုင်ဆိုင်မည်ဖြစ်ပြီး ငါးနှစ်အတွင်း တစ်နိုင်ငံလုံးကို ကွန်ရက်ဖြန့်ကြက် သွားမည်ဟု ဆိုသည်။

"ဆက်သွယ်ရေး ဥပဒေက မထွက်သေးဘူး ဆိုပေမယ့် အခုနောက်ဆုံးအဆင့် အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရာမှာ ဥပဒေကြောင်းရာ တွေကိုလည်း ထည့်သွင်းဆွေးနွေးတာ ရှိပါတယ်။ ဒါ့ကြောင့် လိုင်စင်ရပြီး ရှစ်လကြာတာနဲ့ ၀န်ဆောင်မှုစပေးဖို့ နှောင့်နှေးမှုရှိမှာ မဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။ တယ်လီနော် ကုမ္ပဏီက ၎င်းတို့၏ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၅ ကျပ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုပေးရာတွင် တစ်နိုင်ငံလုံး အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအနှံ့တွင် ၎င်းတို့၏ ဆင်းမ်ကတ်ကို ၀ယ်ယူနိုင်မည့် နေရာပေါင်း ခုနစ်သောင်းနီးပါးနှင့် ငွေဖြည့်ကတ် ၀ယ်ယူနိုင်မည့် နေရာပေါင်း ကိုးသောင်းမှ တစ်သိန်းကြား ထားရှိနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်း အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီနှစ်ခု အနေဖြင့် လိုင်စင်တွင် ပါဝင်သည့် ကတိများအတိုင်း မဆောင်ရွက်ပါက ဒေါ်လာ သန်း ၂၀၀ လျော်ကြေးပေးရမည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ရွေးချယ်ထားသည်။

by.... Eleven Media Group

No comments:

Post a Comment

^ Scroll to Top